Skip to main content

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း

ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း | posted 17.03.2017

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးဟာ မကြာခင်အချိန်မှာ ပြီးမြောက်တော့မှာ ဖြစ်ပါတယ်။ အစည်းအဝေးစတင်ကျင်းပတဲ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ယနေ့အထိ အစည်းအဝေးကာလ ၄၇ ရက် အတွင်းမှာ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးကို  ၁၇ ရက် ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ အခုလို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်ဖို့ အတွက် အစည်းအဝေးကာလတစ်လျှောက်လုံး တာဝန်ကျေကျေ ပူးပေါင်းပါဝင် ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို အသိအမှတ်ပြုကျေးဇူးတင်ကြောင်း ဦးစွာပြောကြား လိုပါတယ်။

          ယခု အစည်းအဝေးကာလဟာ လာမယ့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ် တစ်နှစ်တာအတွက် အရေးကြီးဆုံးကာလလို့ဆိုနိုင်ပါတယ်။ လွှတ်တော်ရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဥပဒေပြုရေး အပိုင်းမှာ လည်းပါဝင်ပြီး ပြည်ထောင်စုလွှတ်တော်မှာသာ ဆွေးနွေးဆုံးဖြတ်ပေးရမယ့် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်  အမျိုးသားစီမံကိန်း ဥပဒေနဲ့ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေများကို ဒီကာလရဲ့ ဦးစားပေး လုပ်ငန်းရပ်များအဖြစ် ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်။

            ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ဆွေးနွေး အတည်ပြုခဲ့ရာမှာ နိုင်ငံတော်အတွက် ဝင်ငွေတိုးတက်ရရှိရေးသာမက အခွန်ထမ်း ပြည်သူများအတွက် အခွန်တာဝန် ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ထမ်းဆောင်နိုင်စေမယ့် အခွန်နှုန်းများဖြစ်စေရေး၊ အခွန်ပေး ဆောင်သူများ ဥပဒေနဲ့အညီ ခံစားနိုင်တဲ့ အခွန်ဆိုင်ရာသက်သာခွင့်၊ ကင်းလွတ်ခွင့်များကို သိရှိ ခံစားခွင့်ရရှိစေရေး တို့အတွက် စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

            ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေနဲ့ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတို့ကိုဆွေးနွေး ဆောင်ရွက်ခဲ့ရာမှာ လည်း ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ပြုန်းတီးမှုမရှိစေရေးနဲ့ တိကျခိုင်မာတဲ့ ရင်းနှီး မြှုပ်နှံမှုများဖြစ်စေရေးတို့အတွက် ဘက်ပေါင်းစုံမှ ဆွေးနွေးသုံးသပ်ပြီး လုပ်ငန်းစီမံကိန်းအချို့ကို စိစစ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလိုစိစစ်တဲ့အခါမှာလည်း နိုင်ငံတော် အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းစီမံကိန်းများ ဖြစ်စေဖို့ ရည်ရွယ်ပြီး လတ်တလောရပ်ဆိုင်းထားသင့်တဲ့ စီမံကိန်းများ၊ နည်းပညာနဲ့ အရင်းအနှီးများ ရရှိစေရန် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအားဖိတ်ခေါ်၍ အကျိုးတူပူးပေါင်းဆောင်ရွက် သင့်တဲ့ စီမံကိန်းများနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့က ကြပ်မတ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေနဲ့ အထူးအစီအစဉ်များ ချမှတ်ကာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သင့်တဲ့ စီမံကိန်းများအဖြစ် ခွဲခြားစိစစ်နိုင်ခဲ့ သလို ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအသုံးစရိတ် စုစုပေါင်း ကျပ် ဘီလီယံ ၂၈၀ ကျော် ကို စိစစ်လျော့ချပြီး ဘတ်ဂျက်လိုငွေပြမှုကို အထိုက်အလျှောက် လျှော့နည်း သက်သာစေနိုင်ခဲ့ပါတယ်။

          ဒါ့အပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့တွင် စတင်ဆွေးနွေးခဲ့တဲ့-

  • သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊
  • ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစာစစ်အဖွဲ့ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ၊
  • ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကိုပြင်ဆင်သည့်ဥပဒေနဲ့
  • နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ခဲ့ပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကိုလည်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ဖို့ ပေးပို့ထားပြီးဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

အထက်ပါ ကိစ္စရပ်များအပြင် နိုင်ငံတော်နဲ့ နိုင်ငံသားပြည်သူများရဲ့ လူမှုစီးပွားဘဝ တိုးတက်လာစေရေး၊ သဘာဝဘေး ပြန်လည်ထူထောင်ရေး၊ တောင်သူ လယ်သမားများအတွက်  စိုက်ပျိုးစရိတ်ချေးငွေများ ပိုမိုထုတ်ချေးနိုင်ရေး၊ လယ်ယာ ကဏ္ဍတိုးတက်လာစေရေး၊ လျှပ်စစ်ဓာတ်အားများ ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်တိုးတက် လာစေရေးနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ဆင်းရဲမွဲတေမှုပပျောက်ပြီးလူမှုစီးပွား ဘဝများ တိုးတက်လာစေရေး ဆိုင်ရာလုပ်ငန်းများမှာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတကာချေးငွေ ရယူရေးကိစ္စ ၄ ခု အပါအဝင် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ် ၅ ခု တို့ကိုလည်း ဆွေးနွေးအတည်ပြုပေးနိုင် ခဲ့ပါတယ်။

ဒါ့အပြင် မိမိတို့ နိုင်ငံက ကျင့်သုံးလျက်ရှိတဲ့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒနဲ့အညီ သံတမန်ဆက်သွယ်မှုများ တိုးချဲ့ ထူထောင်ခြင်းဖြင့် နှစ်နိုင်ငံအကြားနဲ့ ကမ္ဘာ့နိုင်ငံများအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးမှာ ပိုမိုတိုးတက်အောင်မြင်မှုများ ရရှိလာဖို့အတွက် မြန်မာ နိုင်ငံနဲ့ ပြည်ပနိုင်ငံ ၇ နိုင်ငံတို့အကြား သံတမန်အဆက်အသွယ် ထူထောင်ရေး ကိစ္စကိုလည်း လွှတ်တော်က ဆွေးနွေးအတည်ပြုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်ကို ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါ ဘဏ္ဍာရေးနှစ် ကုန်ဆုံးခါနီးပြီ ဖြစ်တဲ့အတွက် ဖွံ့ဖြိုးရေးရန်ပုံငွေဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ လုပ်ငန်းပြီးစီးမှု များကို တင်ပြကြရမှာဖြစ်ပါတယ်။ ယနေ့အထိ လုပ်ငန်းပြီးစီးကြောင်း ၃၆ မြို့နယ်မှ တင်ပြခဲ့ပြီး ၂၈၉ မြို့နယ် ကျန်ရှိပါသေးတယ်။ ဒါကြောင့် ကျန်ရှိတဲ့မြို့နယ်များ အနေဖြင့် သတ်မှတ်ချက်အတိုင်း ဆက်လက်ပေးပို့ကြဖို့နဲ့ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိပါက ပိုလျှံငွေများကို သက်ဆိုင်ရာသို့ အချိန်မီပြန်လည်အပ်နှံကြရန် ထပ်မံအသိပေးပြောကြား လိုပါတယ်။

          လာမယ့် ဧပြီလ ၁ ရက်မှာ ကျင်းပပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိရှိနဲ့ အောင်မြင်ချောမွေ့စွာ ပြီးစီးနိုင်ဖို့အတွက် ပြည်သူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးနဲ့အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များကလည်း ဥပဒေနဲ့အညီ စနစ်တကျပူးပေါင်းပါဝင်ပြီး ကူညီလုပ်ဆောင်ပေးကြ စေလိုပါတယ်။

          လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့ရဲ့ သက်ဆိုင်ရာနယ်မြေများသို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြပြီး နိုင်ငံသားပြည်သူများနဲ့ လွှတ်တော်အတွက် အမြဲတမ်းတာဝန် ရှိတာနဲ့အညီ နိုင်ငံတော်နဲ့ နိုင်ငံသား ပြည်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လက်တွေ့ ဘဝလိုအပ်ချက်များကို အစဉ်အမြဲ ဆောင်ရွက်ပေးနိုင်တဲ့ ပြည်သူ့ကိုယ်စားလှယ်များအဖြစ် တာဝန်ကျေနိုင်ကြပါစေ၊ ပဉ္စမပုံမှန်အစည်းအဝေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့ စုံစုံညီညီ ပြန်လည်ဆုံတွေ့နိုင်ကြပါစေ​ကြောင်း ဆုမွန်ကောင်းတောင်းရင်းတိုက်တွန်းမှာကြား လိုက်ပါတယ်။