Skip to main content

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ဧပြီ ၂ဝ

ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ဧပြီ ၂ဝ | posted 20.04.2017

ကရင်ပြည်နယ် မြဝတီမြို့၌ ရောက်ရှိနေသည့် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း သည် ဧပြီလ ၁၉ရက်နေ့ နံနက် ၉ နာရီတွင် မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စု မင်းလက်ပံကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ဖလူးကျေးရွာအုပ်စု ရှိဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်၊ ကျေးရွာများမှတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဒေသခံပြည်သူတိုင်းရင်းသား ညီအကိုမောင်နှမများနှင့် ယခုကဲ့သို့တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ရပါကြောင်း၊ နိုင်ငံတော် ၏ ရသုံးငွေစာရင်းများအရ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများကို တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုတိုး မြှင့်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လက်ရှိတွင်လည်း ပညာရေးနှင့်ကျန်းမာ ရေးကဏ္ဍများ၌ ဘဏ္ဍာငွေများ ပိုမိုကျခံသုံးစွဲလျက်ရှိပါကြောင်း၊ ပညာရေးနှင့်ကျန်းမာရေး လိုအပ် ချက်များကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေးပိုမိုဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများလည်း ပိုမိုပြည့်စုံသွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

တိုင်းပြည်၏ စီးပွားရေးပိုမိုကောင်းမွန်လာရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများ လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက် ပြည့်စုံသည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာရန် လွှတ်တော်၌ဆွေးနွေးဆောင်ရွက် လျှက်ရှိပါကြောင်း၊ ခိုင်မာသည့် ဥပဒေရှိမှသာ ပြည်ပကုမ္ပဏီများ နိုင်ငံအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း၊ ထိုသို့ရင်းနှီးမြှုပ်နှံ ကြမှသာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆက်လက် ပြောကြား ရာတွင် လွှတ်တော်သည် ဥပဒေပြဋ္ဌာန်းရသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း၊ တရားစီရင်ရေး ကဏ္ဍနှင့် အုပ်ချုပ်ရေးကဏ္ဍတို့ကိုလည်း အပြန်အလှန် ထိန်းကျောင်းနိုင်ရန် တာဝန်ရှိပါကြောင်း၊ လွှတ်တော်သည် ဥပဒေပြုရေးအာဏာကို ရယူကျင့်သုံးသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသူနိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပယ်ဖျက်သင့်သည့် ဥပဒေ များကိုပယ်ဖျက်ခြင်း၊ ပြင်ဆင်သင့်သည့် ဥပဒေများကိုပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းသင့်သည့် ဥပဒေများကို အသစ်ပြဋ္ဌာန်းလျှက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း နိုင်ရန်အထူးကြိုးစား ဆောင်ရွက်နေပါကြောင်းနှင့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မိမိတို့ရောက်ရှိချိန်တွင် ဒေသခံပြည်များအနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲ များကို ပွင့်လင်းမှန်ကန်စွာ တင်ပြဆွေးနွေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ အဆိုပါတင်ပြ ဆွေးနွေး ချက်များကို ထိရောက်စွာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ပေး ချက်များကိုလည်း ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ပြန်လည်အကြောင်းကြားဆောင်ရွက် ပေးသွားမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအဖွဲ့နှင့် လွှတ်တော်သည် နိုင်ငံ၏ကဏ္ဍမျိုးစုံ ကို အကောင်းဆုံးဖြစ်ရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျှက်ရှိပါ ကြောင်း ပြောကြားသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးရရှိရေးသည် အဓိကပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်း ရေးရှိမှသာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများမှသာ နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် ပြီး မေတ္တာနှင့်ယှဉ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ကျရာနေရာမှ အားကြိုးမာန်တက် ပူးပေါင်းပါဝင် ဆောင်ရွက် စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာ၊ အင်ကြင်းမြိုင်ကျေးရွာနှင့် ကျောက်ခက်ကျေးရွာ များမှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယ က မန်းဝင်းခိုင်သန်းက ဒေသဖွံဖြိုးရေးလိုအပ် ချက်များကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေးကြသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်း၊ ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကသည် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် မင်းလက်ပံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ ကျောင်းရှေ့လမ်း ကွန်ကရစ်ခင်းပြီးစီးမှုနှင့် မင်းလက်ပံအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့ကို လှည့်လည်ကြည့်ရှုသည်။