Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကျင်းပ နေပြည်တော်၊ မတ် ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကျင်းပ နေပြည်တော်၊ မတ် ၁၇ | posted 17.03.2017

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ကို အစီအစဉ် (၁၂)ခု ဖြင့် ကျင်းပသည်။     

ရှေးဦးစွာ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူးကားလမ်း ၂၉မိုင်(လမ်းသစ်) အထူးပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ် ၅၅၇၅.၀၀ သန်း  ခွဲဝေသုံးစွဲမည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ် ၃၀ ဘီလီယံ သုံးစွဲခွင့်နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့့်် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် ရှမ်းပြည်နယ် (တောင် ပိုင်း)ရှိ ကျေးရွာ ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားပေး နိုင်ရေးဆောင်ရွက်ရန် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၂၃.၈၈၃ သန်း ချေးယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့့်် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ်အောက်မှ Development Policy Operation  (DPO) ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ  ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လွှတ်တော်၏အဆုံးအဖြတ်ရယူသည်။

၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်း၏ ဥပဒေအကြောင်း အရာများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအောင်မင်းက အဆိုပြုချက် ၅၉ခု၊ ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး က အဆိုပြုချက် ၁၂ခုကို တစ်ပိုဒ်ချင်းစီအလိုက်အတည်ပြုရန် အဆိုတင်သွင်းပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။

အထက်ပါဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းမှ အဆိုတင်သွင်းပြီး လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

ထို့နောက်ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးနောက် အစည်းအဝေး (၁၇)ရက်မြောက်နေ့အစီအစဉ် ပြီးဆုံးကြောင်းနှင့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးပြီးမြောက်ကြောင်း ကြေညာသည်။